စိတ်အနှောက်အယှက် ကြုံတွေ့ပြီး မရှူမရှိုက်နိုင် ဖြစ်သည့်အခါ ထိုသူသည် အခန်းထဲတွင် ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နှင့် သူ့ကိုယ်သူ သက်သာမှုရအောင် စိတ်ဖြေနေသည်ကို သတိပြုမိပါလိမ့်မည်။  ခဏကြာလျှင် ထိုသူ၏ စိတ်ဝေဒနာ သက်သာပြီး ငြိမ်ကျသွားသည်ကို မြင်ဖူးကြပါလိမ့်မည်။ ဤကား ဝေဒနာကို သက်သာအောင် လမ်းလျှောက်ခြင်းဖြင့် ကုစားလိုက်ခြင်း ဖြစ်ပါသည်။ ရှေးပဝေသဏီ ကာလကပင် လမ်းလျှောက်ခြင်းသည် ရောဂါ ကာကွယ်ရေး အတွက် လည်းကောင်း၊ ရောဂါ ကုသရေး အတွက် လည်းကောင်း၊ ထိရောက်သော ကုထုံးနည်း တစ်ရပ် အဖြစ် လူတို့ နားလည်ခဲ့ကြ၏။ နံနက်စောစော နေမထွက်မီ လမ်းလျှောက်ခြင်းကို ပြုကြရန်လည်း ထောက်ခံ အားပေးခဲ့ကြ၏။ ခေတ်လူသားများသည် အလုပ်များစွာ လုပ်ကြသည်ကား မှန်၏။ သို့သော် ထိုင်ပြီး လုပ်ကြသည်က များ၏။ လှုပ်ရှားသွားလာမှုလည်း များပါ၏။ သို့သော် ယာဉ်ရထားများဖြင့်သာ သွားလာကြခြင်း ဖြစ်၏။ ခေတ်လူသားများ အနေနှင့် ခရီးဝေးကို လမ်းလျှောက်၍ ခြေကျင်သွားရမည် ဆိုလျှင် မနှစ်သက်တော့။ စိတ်က လမ်းလျှောက်ခြင်း၊ ခြေကျင်ခရီးသွားခြင်းကို ဆန့်ကျင်နေတတ်ပါသည်။ ထို့ကြောင့် ခေတ်လူသားများသည် လမ်းလျှောက်ခြင်း အလေ့အထကို နှစ်သက်အောင် အကြိုက်တွေ့အောင် ဦးစွာ အားထုတ်ရပေဦးမည်။

 

လမ်းလျှောက်စဉ် ခန္ဓာကိုယ်၏ အဓိကကျသော ကြွက်သားများ ဖြစ်ကြသည့် ခြေသလုံး ပေါင် ကြွက်သားများ၊ အစာအိမ် ဝမ်းဗိုက် ကြွက်သားများနှင့် လက်မောင်း ကြွက်သားများ အချက်ကျကျ နရီစည်းချက် ညီစွာ လှုပ်ရှားကြရပါသည်။ ထိုသို့ ကြွက်သားများ ညီညီညာညာ လှုပ်ရှားခြင်းသည် ခန္ဓာကိုယ်တွင် သွေးလှည့်ပတ်မှုကို အထောက်အကူပြုပါသည်။ ဇီဝရုပ်တွင်း ဖြစ်ပျက်စဉ်ကို ကောင်းမွန်စေပါသည်။ အဆုတ်မှာလည်း လေဝင် လေထွက်အား ကောင်းစေပါသည်။ အထူးသဖြင့် ဦးနှောက်နှင့် နှလုံးအတွင်းသို့ အောက်ဆီဂျင်ဓာတ် များများ ဖြည့်တင်း ထောက်ပံ့နိုင်ပါသည်။ လမ်းလျှောက်ခြင်းကား မွေးရာပါ၊ သဘာဝလှုပ်ရှားမှု ဖြစ်၏။ အခြား ကာယ ဖွံ့ဖြိုးရေး လေ့ကျင့်မှုများကဲ့သို့ ဘာအထောက်အကူ ပစ္စည်းမျှလည်း မလို၊ ငွေကုန်ကြေးကျလည်း မရှိ။ လမ်းလျှောက်ခြင်းဖြင့် အာရုံကြော တင်းမာမှု၊ ကြွက်သား တင်းမာမှုများကို အထူး အာရုံစိုက်စရာ မလိုဘဲ ပြေလျော့စေပါသည်။ အသက် ၄၀ အောက် ဖြစ်လျှင် တစ်မိနစ်ကို ခြေလှမ်း ၁၃၀ နှုန်း၊ အသက် လေးဆယ်ကျော်လျှင် တစ်မိနစ်ကို ခြေလှမ်း ၁၀၀ နှုန်းဖြင့်၊ တစ်နေ့ ၁၀ မိနစ်မှ မိနစ် ၂၀ ခန့်၊ လျှောက်လျှင် ခန္ဓာကိုယ် ကျန်းမာရေး စိတ်ဓာတ် ကျန်းမာ ကြည်လင်ရေး အတွက် ထိရောက်ပါသည်။

 

တစ်မိနစ်ကို ခြေလှမ်း ၁၀၀ နှုန်းလောက်ဖြင့် မှန်မြန် တစ်မိုင်ခွဲ နှစ်မိုင်ခန့် လျှောက်လိုက်လျှင် တစ်နေ့တာ ပင်ပန်းနွမ်းနယ်ခဲ့သမျှ ပြေပျောက်ပါသည်။ အိပ်စက်ခြင်းမပြုမီ နှစ်နာရီခန့် လမ်းလျှောက်ခြင်းကိုလည်း အလိုရှိအပ်ပါသည်။ သို့သော် အိပ်ခါနီး လမ်းလျှောက်ခြင်းမှာ အလျင်စလို လျှောက်ခြင်း မဖြစ်သင့်၊ မိမိအိမ်ထဲတွင် စိတ်အေးချမ်းသာ၊ ငြိမ်သက်စွာ ဖြည်းဖြည်း လျှောက်ခြင်းမျိုး ဖြစ်ရပါမည်။ လမ်းလျှောက်သောအခါ ကိုယ့်ကိုကိုယ် စိစစ်ရန် လိုအပ်ပါသည်။ ဖြစ်နိုင်လျှင် သင့်၏ သွေးခုန်နှုန်းကို တိုင်းထားပါ။ ပြီးလျှင် သင့်ခြေလှမ်း အကျယ်ကိုလည်း တိုင်းထားပါ။ သို့ဖြင့် လမ်းလျှောက်နှုန်းကို အလွယ် တိုင်းတာ သိရှိနိုင်ပါသည်။ လမ်းလျှောက်စဉ် မှန်မှန်ကန်ကန် အသက်ရှူရန် အရေးကြီးပါသည်။ လမ်းလျှောက်စဉ် မှန်မှန်ကန်ကန် အသက်ရှူရန် အရေးကြီးပါသည်။ ဖြည်းဖြည်း လမ်းလျှောက်စဉ် ၃-၄ လှမ်းတွင် တစ်ချက် အသက်ရှူသွင်းပါ။ ထို့နောက် ၃ လှမ်းမှ ၆ လှမ်း အတွင်း အသက် ရှူထုတ်ပါ။ မြန်မြန် လျှောက်သောအခါ အသက်ကို အပြည့်အဝ ရှူရန် အရေးကြီးပါသည်။ လမ်းလျှောက်စဉ် ခါးကို မတ်မတ်ထားပါ။ ပခုံးကိုလည်း ညီပါစေ။ ခေါင်းကိုလည်း မတ်၍ အစာအိမ်ကို ချုပ်ထားပါ။ ဤနည်းဖြင့် လမ်းလျှောက်တတ်အောင် လေ့ကျင့်ပါ။ ချက်ခြင်း အဆင်မပြေလျှင် တစ်ခုချင်း သဘောပါအောင် ကျင့်ယူပါက အောင်မြင်မှု ပိုမို ရရှိပါလိမ့်မည်။ စနစ်တကျ လမ်းလျှောက်တတ်သွားပြီ ဆိုပါက ကခုန်သကဲ့သို့ စိတ်ကို ပျော်ရွှင်စေပါသည်။

 

 

ဒေါက်တာ ဗီနက္ကရာဆော့(ဗ်)

Soviet Union Magazine မှ

By Shade The Mandalay Hill

Shared from http://news.yatanarpon.com.mm/news/article-26922

 

အဆီပိုတွေ မြန်မြန် ကျစေဖို့အတွက် အကျိုးထူးပေးမယ့် အချက် (၈) ချက်

ခန္ဓာကိုယ် အလေးချိန်တွေ တိုးလာလို့ စိတ်ဖိစီးမှု ဖြစ်နေပါသလား။ ခန္ဓာကိုယ် ပိန်ပြီး သွယ်လျစေဖို့အတွက် အောက်ပါ အချက်တွေကို လိုက်နာကြည့်ပါလား။  မကြာမီမှာပဲ အကျိုးထူးလာတာကို တွေ့ရပါ လိမ့်မယ်။

 

၁။ ရှောက်ရည် ခပ်နွေးနွေး တစ်ဖန်ခွက်ကို အစာမစားမီ အချိန်မှာ သောက်သုံးပေးရပါလိမ့်မယ်။

၂။ နံနက်စာနဲ့ နေ့လည်စာတွေ မစားမီအချိန်မှာ သင်္ဘောသီး၊ ဒါမှမဟုတ် ဂရိတ်ဖရုသီး တစ်ခြမ်းကို စားပေးရပါလိမ့်မယ်။

၃။ ညအိပ်ယာမဝင်ခင်လေးမှာ နွားနို့ အနည်းငယ်၊ ဒါမှမဟုတ် ပန်းသီးတစ်ခြမ်း စားသောက်ပေးရပါမယ်။

၎။ လှုပ်လှုပ်ရှားရှား နေရပါလိမ့်မယ်။ တစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက်ရပါမယ်။

၅။ တဖြည်းဖြည်းချင်း အစာကို လျှော့စားရပါလိမ့်မယ်။

၆။ အစာ စားတဲ့အခါမှာ ညက်အောင် သေချာ ဝါးစားပေးရပါမယ်။

၇။ Green Tea လိုမျိုး Herbal ပါတဲ့ လက်ဖက်ရည်ကြမ်းကို သောက်ပေးရပါလိမ့်မယ်။

၈။ အငန်စာတွေ စားသောက်မှုကို လျှော့ချပေးရပါလိမ့်မယ်။

 

By Shade The Mandalay Hill

Shared from http://news.yatanarpon.com.mm/news/news-26884

 

About mSun